ခေါက်သိမ်းထားတဲ့ ၂၀၀၂
အပေါ်မှာ တိမ်တိုက်တွေက မည်းမှောင်လို့
မျှော်နေမိပေမယ့်လည်း မိုးစက်တွေကတော့
ခုချိန်ထိ အိပ်မောကျလို့ကောင်းတုန်းပေါ့။
အဲဒီရာသီဥတုက ဟိုမရောက်ဒီမရောက်နဲ့
ငါ့မှာသာ အနေရအထိုင်ရခက်ပေါင်းများလှပြီ။
တကယ့်အဖြစ်မှန်က
ရိုးသားစွာနဲ့ လွဲမှားသွားတာပါလို့
ဘယ်သူက ရှေ့ နေလိုက်ချင်သေးလို့လဲ။
အဲဒီနေ့
မှတ်မိသေးရဲ့ လား
ရေစက်တွေ နွေပေါ်ကြဲခဲ့တဲ့နေ့လေ။
မနက်အိပ်ရာနိုးတိုင်း
အတိတ်တွေကို
ပြန်ကောက်သိမ်းထားရတာမောတယ်။
ငါ့မှာ
တစ်ရက်စာနာရီလက်တံတွေကိုတောင်မှ
စားသောက်ဖို့ အားအင်မရှိတဲ့ ရက်တွေများနေခဲ့ပြီ။
ရပါတယ်
ဖိနပ်တစ်ဖက်တည်းနဲ့ လျှောက်ရဦးမယ့် ငါ့ခရီး
ပန်းခင်းလမ်းတော့မဟုတ်နိုင်ဘူး။
ရည်ရွယ်ခဲ့တာက
လတစ်စင်းရဲ့ အရိပ်အောက်မှာ
ငါ့ကိုယ်ငါ ထာဝရမြှုပ်နှံသွားဖို့ပါ။
ဒါပေမဲ့
အဲဒီ တိမ်မည်းတွေကို ရေဆေးချိန်မရလိုက်ဘူး။
တစ်ယောက်ထဲ ပြိုင်ခဲ့တယ်တဲ့လား
သေချာတာက
ပထမဆုတော့ မရခဲ့ဘူးလေ။
ဒီလိုနဲ့ပဲ
အိပ်မက်ထဲက ပြဇာတ်တစ်ပုဒ်ကတော့
ဆေးရောင်တွေ လွင့်လို့
နာရီလက်တံတွေဆိုလည်း ခရီးအတော်ပေါက်နေကြပြီ။
ဘာပဲဖြစ်ဖြစ်
ရင်ဘတ်တစ်ခြမ်းကတော့
ပြတိုက်ထဲမှာ ငြိမ်သက်နေဆဲပါပဲ။ ။
Technorati:poem
nice poem!
thanks pandora.
My friend “Dr. Ko Ko Tun” has also half of liver, cauz he had donated half of his liver to our teacher. Don’t worry Way Yan. We can survive with the rest half, if the other half is for our beloved one.
His whole heart is for me…….