Blog

မိုးတွေရွာရင်

မိုးတွေရွာရင်တဲ့။ အင်း… မိုးရွာရင် … တကယ်တမ်းတော့ မိုးရာသီဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ သုံးရာသီထဲမှာ ကျွန်တော်သဘောမကျဆုံးပဲ။ ဘာဖြစ်လို့လဲလို့မေးရင် ဘာဖြစ်လို့မှန်းကိုမသိတာ။ ဟ .. ဟ .. ရှင်းသွားရော။

ငယ်စဉ်ကလေးဘ၀တုန်းကတော့ မိုးတွေရွာရင် မိုးရေချိုးရလို့ ပျော်ခဲ့ဖူးပါတယ်။ မိုးရွာထဲမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရတာလဲ ခဏခဏပါပဲ။ နည်းနည်းအရွယ်ရောက်လာတော့ မိုးရွာရင် သိပ်မကြိုက်တော့ဘူး။ ဟုတ်တယ်လေ။ ကြီးကောင်ကြီးမားနဲ့ မိုးရေထွက်ချိုးလို့လဲမရ။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်မယ်ဆိုလဲ အမြင်မတော်ဘူးဖြစ်ပြန်ဆိုတော့။ မိုးရွာရင် ဘာမှကိုလုပ်လို့မရတာ။ အပြင်သွားချင်ရင်လဲ ထီးဘယ်လောက်ကောင်းကောင်း အနည်းဆုံး အောက်ခြေလောက်တော့ စိုရွှဲနေတာပဲ။ သွားရလာရတာ အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ရာသီပဲ။ လမ်းတွေကလဲ အင်မတန်ကောင်းရှာတယ်ဆိုတော့ မိုးရွာပြီးချိန်ဆိုရင် အိမ်ရှေ့လမ်းမှာ သိုင်းကွက်နင်းနေကြတဲ့လူတွေ အများကြီး။ တရုတ်သိုင်းကား ကြည့်နေရသလိုပဲ။

နောက်တစ်ခုက မိုးရွာရင် မီးကလဲ ပျက်တတ်သေးတယ်ဗျ။ ဆိုင်လားတော့ ကျွန်တော်လည်းမသိဘူး။ မိုးတော်တော်ကြီးကြီးရွာလိုက်ပြီဆိုရင် ကျွန်တော်တို့မြို့မှာ မီးပျက်တတ်တာ ထုံးစံပဲ။ ဒီထက်ကြီးကြီးရွာလိုက်ပြီဆိုရင်တော့ တစ်ပတ်လောက်မလာတော့ဘူး။ ဘာလို့လဲဆို ကေဘယ်တွေ ပြတ်လို့တဲ့။ တစ်ခါတစ်လေ တိုင်ကြီးလဲသွားလို့ ဆိုတာကလည်း ရှိတတ်သေးတယ်ဗျ။ ဘာနဲ့တိုင်ထောင်ထားလို့လဲတော့ မသိဘူး။ ထားပါတော့။ ခုလောက်ဆိုရင်တော့ အဲဒီလိုမဟုတ်လောက်တော့ပါဘူး။ ခေတ်မီဖွံ့ဖြိုး တိုးတက်နေပြီပဲလေ။ နော်။

မိုးရွာတာကို မကြိုက်ဖူးဗျ။ ကံတရားဆိုတာလဲ ခက်တာပဲ။ မိုးရွာခြင်းကို အလိုမရှိဆိုမှ မိုးအချိန်မရွေးရွာတတ်တဲ့ ဒေသကို ရောက်အောင်ပို့ပေးလိုက်တယ်ဗျာ။ ဒီမှာက ဆောင်းရာသီဆိုတာ မရှိဘူးဗျ။ ခရစ်စမတ်ညမှာလဲ ချွေးပြန်အောင်ပူတတ်တယ်။ မိုးရွာချင်ရင်လဲ ရွာတတ်တယ်။ ကျွန်တော်က အပြင်သွားရင် ဘယ်သောအခါမှ ထီးဆိုသောအရာကို မသယ်ပါ။ စိတ်ထဲမှာ ရှုပ်တယ်လို့ထင်နေတာကြောင့် မယူဘူး။ ဒီမှာက မိုးဆိုတာ ရွာချင်တဲ့အချိန် ရွာချပါတယ်။ ဆယ့်နှစ်ရာသီလုံး ရွာချင်တဲ့အချိန်မှာ ရွာတတ်တော့ ကျွန်တော်ကလည်း ထီးမယူတတ်တာနဲ့ ဟုတ်နေတာပဲ။

ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ကိုယ့်ကောင်မလေးကို မိုးရွာထဲမှာ သွားပြီးကြွေကြတာတွေ ခဏခဏတော့ ကြည့်ဖူးတာပဲ။ အပြင်မှာ အဲဒီလိုလုပ်ဖူးလားဆိုရင်တော့ … ဖြေနိုင်ပါဘူးဗျာ။ ဘာလို့သိချင်ရမှာလဲ။ သိချင်ရင် အဲဒီကောင်မလေးကို သွားမေးကြည့်လေ။ .. အော်… ဟုတ်ပါဘူး.. မှားလို့။

မှတ်ချက်။ ။ ဒီပို့စ်ကို ကိုဖိုးချမ်း ရဲ့ Tag မှုနဲ့ရေးသားခြင်းဖြစ်ပါသည်။

Share and Enjoy:
  • Digg
  • del.icio.us
  • Google Bookmarks
  • LinkedIn
  • Twitter

Do you like this article?

24.06.2007 | 3 Comments
personal, thoughts
3 Comments to “မိုးတွေရွာရင်”

  1. မိုးရွာတာမကြိုက်တဲ့ ကိုဝေယံလင်းရေ လာဖတ်သွားတယ်
    မိုးရေထဲမှာ ထီးမပါတုန်း ထီးလာဆောင်းပေးတဲ့ အကြင်နာကောင်မလေးချောချောနဲ့ တွေ့ ပြီး ဖူးစာဆုံရင်တော့ မိုးရွာတာကို ကျေးဇူးတင်ဖို့ မမေ့ နဲ့ နော်

  2. ဟုတ်တယ်။ ထီးကို ကိုင်ကိုမကိုင်ချင်တာ။ ဒီမှာကတော့ နေရာတိုင်း အမိုးနဲ့ အကာနဲ့ ဆိုတော့ ထီးလည်း ယူစရာမလိုပါဘူး။

  3. hey fri,
    i like the way u write about the rainy season aslo the way u write…:)…what a nice post…:)


Leave a Reply

(required)

(required)